နမ့်စန်(တ) မတ် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19)ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးဦးစီး ကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ သည် မိုးနဲ−နမ့်စန်၊ ခိုလမ်−နမ့်စန်နှင့် လွိုင်လင် −နမ့်စန် မြို့ဝင်နေရာများတွင် မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများအားလုံးကို ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို မတ်လ ၂၈ ရက် နံနက်ပိုင်းမှစတင်၍ နေ့စဉ် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်းသိရသည်။
ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မြို့ဝင်ဂိတ်များတွင် ဝင်/ထွက်သွားလာနေသော ခရီးသွားပြည်သူများအား စနစ်တကျစာရင်းကောက်ယူ၍ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သူရအောင်(ပြန်/ဆက်)