ပူတာအိုမြို့ လေယာဉ်ကွင်းဈေး၌ ကိုရိုနာဗိုင်းရပ်ရောဂါ COVID- 19 အသိပညာပေး လုပ်ငန်း ပူးပေါင်း ဆောင်ရွက်

ပူတာအို   မတ်   ၃၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID- 19 ကြိုတင် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက ဦးဆောင်မှုဖြင့် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများ လိုက်နာရမည့် အချက်များနှင့် ရောဂါကူးစက်ပြန့် ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်(၃၀)ရက် နံနက်(၆) နာရီခွဲက လေယာဉ်ကွင်း လမ်းဆုံ(ရုပ်ထု)နှင့် ဈေးတွင် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

"ကျွန်တော်တို့ ပူတာအိုမြို့နယ်မှာ ဇန်နဝါရီလမှမတ်လကုန်အထိ ကူးစက်မြန်ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းအနေနဲ့ ပူးပေါင်းအဖွဲ့များက မြန်မာနဲ့ကချင် နှစ်ဘာသာဖြင့် ထုတ်ဝေထားတဲ့ အသိပညာပေး လက် ကမ်းစာစောင် (၄၀၀၀)ကျော် ဖြန့်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ဗီနိုင်းပိုစတာ ကျတော့ လူအသွားအလာများတဲ့ မြို့ပေါ် ရပ်ကွက်သုံးခုမှာ စိုက်ထူနိုင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ကြားထဲမှာ COVID- 19 နှင့် ပတ်သက်လို့ ကြိုတင်ကာကွယ်ရမယ့်လုပ်ငန်းတွေ၊ လိုက်နာရမယ့် လုပ်ငန်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ပိုမိုသိရှိ လိုက်နာဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်" ဟု မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့်အောင်ကပြောသည်။

"အဓိကအားဖြင့် ဈေးဟာ လူစုလူဝေးအများဆုံးရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် နေ့တိုင်း ဈေးမ၀ယ်ပါနဲ့။ နေ့တိုင်း ဈေး၀ယ်မယ့်အစား သုံးရက်တစ်ခါ တစ်ပတ်တစ်ခါ ၀ယ်ပြီးမှ ထားမယ်ဆိုရင် လူစုလူဝေးကို လျှော့ချရာ ကျတယ်ဆိုတဲ့ အကြောင်းကို ပညာပေး ဟောပြောပါတယ်။ နောက်ပြီးတော့ ဈေးထဲမှာ မလိုအပ်ပဲနဲ့ ကြိတ်ကြိတ်တိုးနေတယ် ဆိုတာလည်း ဒီအချိန်မှာ မလုပ်ဖို့ ပြောထားတယ်။ ကုန်စိမ်းတန်းတွေကတော့ သုံးပေခြား ရောင်းချဖို့ ပညာပေး ပြောကြားရခြင်းဖြစ်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသော “ကိုရိုနာဗိုင်းရပ်စ် ရောဂါ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမိမိကစ၍ကာကွယ်ပါ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောပါ၊ နေ့စဉ်ဘ၀ ခပ်ခွာခွာနေကြပါ” စသည့် ခေါင်းစဉ်များပါသည့် အသိပညာပေး ဗီနိုင်းပိုစတာကို စိုက်ထူခဲ့ကြပြီး အသိပညာပေး လက်ကမ်း စာစောင်များကို ဈေးသူဈေးသားများ၊ ဈေး၀ယ်သူများနှင့် လမ်းသွားလမ်းလာများကို ဖြန့်ဝေခဲ့ကြ ခြင်းဖြစ်သည်။

အဆိုပါအသိပညာပေးလုပ်ငန်းကို ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းတို့ဦးဆောင်မှုဖြင့် လုပ်ငန်း ကော်မတီ အဖွဲ့၀င်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်ထွေအုပ်၀န်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ် စည်ပင်သာယာရေး၀န်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၀င် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)