ပင်းတယမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်

ပင်းတယ မတ် ၃၁

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် မြို့ပေါ်ရပ်ကွက်များသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့ ည ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ဉီးစီးကော်မတီတာဝန်ခံ ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာကျော်ကျော်ဟိန်း၊ မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဉီးနေမျိုးဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်၊ မြို့နယ်မီးသတ် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများတို့က ပိုးသတ်ဆေးရည်များကို ဂါလံ ၃၀၀၀ ဆန့်ယာဉ်ဖြင့် ပင်းတယမြို့မဈေးပတ်လမ်း၊ ရွှေဥမင်ဘုရား သွားလမ်းတစ်လျှောက်နှင့် ဈေးတန်း ရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်များရှိ လမ်းလမ်းကို ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်ရှိရာ မတ်လ ၃၀ ရက်နေ့မှ စတင်၍ တစ်ညလျှင် ၃ ရပ်ကွက်နှုန်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် တိုက်ဖျက်ရေး ပိုးသတ်ဆေးရည်များကို ပတ်ဖျန်း ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပြန်/ဆက်)