နမ့်ဆန် မတ် ၃၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ COVID-19 ရောဂါထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းထားပြီး မြို့နယ်ပြင်ပမှဝင်ရောက် လာသူများအား နေ့စဉ်စစ်ဆေးကြပ်မတ်ခြင်း၊ ရောဂါထိန်းချုပ်ရေး သတင်းကွင်းဆက်ရယူခြင်း သံသယလူနာ စောင့်ကြည့်ခြင်းတို့အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်မှု နယ်မြေအတွင်းစောင့်ကြည့်လူနာများ ထားရှိမည့်နေရာ အစီအမံများကို စီစဉ်ဆောင်ရွက် ထားလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ထားရာတွင် နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စု၊ အာရမ်းကျေးရွာအမက ကျောင်းတွင် တရုတ်နိုင်ငံမှတဆင့် ပြန်လည်ရောက်ရှိသည့် ကျား(၆)ဦး၊ မ(၁၂)ဦး ပေါင်း(၁၈)ဦး၊ နမ့်ဆန်မြို့နယ် ဘုရားကြီး ကျေးရွာအုပ်စု၊ အောက်ဘုရားကြီးကျေးရွာ အလက(ခွဲ)တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကျား(၁)ဦး၊ မ(၁)ဦး ပေါင်း(၂)ဦး တို့ကို (၁၄)ရက်စောင့်ကြပ်ကြည့်ရှုမှု ပြုလုပ်ပြီး မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်လုပ်ငန်း ကော်မတီဝင်များမှ ကွင်းဆင်းနေရာချ စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
ထို့ပြင် နမ့်ဆန်မြို့နယ်အတွင်း လတ်တလော စောင့်ကြပ်ကြည့်ရှုလူနာများ ထပ်မံပေါ်ပေါက်လာပါက မြို့နယ်အဆင့် Facility Quarantine ပြုလုပ်ရန်အတွက် မန်မိုင်ရပ်ကွက် အမက(၄) စာသင် ကျောင်းတွင် လည်းကောင်း၊ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု၊ ဇယ်ဘန်ကောက် ကျေးရွာစာကြည့်တိုက်၊ တောင်မကျေးရွာအုပ်စု၊ တောင်မကျေးရွာဓမ္မာရုံ၊ ကယားလမ်းကျေးရွာအုပ်စု၊ ကယားလမ်းကျေးရွာ အမကစာသင်ကျောင်း၊ ကျောက်ဖြူကျေးရွာအုပ်စု၊ ကျောက်ဖြူကျေးရွာ အလက(ခွဲ)စာသင်ကျောင်းတို့တွင် အရံနေရာများအဖြစ် စီမံဆောင်ရွက်ထားရှိကြောင်းသိရသည်။
COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရန် မန္တလေး၊ မူဆယ်၊ လားရှိုး၊ ကျောက်မဲ စသည့်နယ်ဝေးမှ နေ့စဉ်ဝင်ရောက်လာသည့် ခရီးသည်များအား မြို့နယ်ကုသရေး ဦးစီးဌာနမှူးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ပူးပေါင်း ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များတို့က မြို့နယ်ပြည်သူ့ဆေးရုံတွင် နေ့စဉ်စောင့်ကြပ် ကြည့်ရှုစစ်ဆေးလျက်ရှိပြီး၊ ကျေးရွာ အဆင့် ဖွင့်လှစ်ထားသည့် (၁၄)ရက် စောင့်ကြပ်ကြည်ရှုရေးစခန်းတွင်လည်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များတို့က ကွင်းဆင်း၍ ကျန်းမာရေး အသိပညာဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေ ပေးခြင်း၊ နံရံကပ်စာစောင်များကပ်ထားခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေး ကြောင်းသိရပြီး နမ့်ဆန်မြို့နယ်တွင် မတ် (၃၀) ရက်နေ့ ညနေ(၅)နာရီအထိ စစ်ဆေးချက်အရ ရောဂါပိုး ကူးစက်သံသယလူနာ မရှိသေးကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)