မိုင်းကိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး အထူးကြပ်မတ်ဆောင်ရွက်

မိုင်းကိုင် မတ် ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင်  ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများကို မတ်လ ၂၇ ရက်နေ့မှ စတင်၍  မြို့အဝင်အထွက်များတွင်  ခရီးသည်တင်ယာဉ်များနှင့်  ပါလာသော ခရီးသည်များအား  ကိုယ်အပူချိန် တိုင်းတာခြင်း၊ နေရပ်ပြန်များနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိရာ ဒေသများမှ  ပြန်လာသူများအား ကျန်းမာရေးအထူးကြပ်မတ် ကြည့်ရှုခြင်းများကို  နေ့စဉ် ဆောင်ရွက်လျက် ရှိရာ မိဘပြည်သူများ၊ အဝေးရောက် မိုင်းကိုင်သူမိုင်းကိုင်သားများကလည်း အားကြိုးမာန်တက် ပူးပေါင်း ပါဝင်ဆောင်ရွက် လာကြသဖြင့်  ရောဂါထိန်းချုပ်၊ ကာကွယ်ရေးအတွက် အလှူငွေများ၊ ကုသရေးပိုင်းတွင် အသုံးပြုရန်ပစ္စည်းများကို လာရောက်လှူဒါန်းကြရာ  မိုင်းကိုင် မြို့နယ်၊ ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် လှူဒါန်းမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၇၂ သိန်းကျော် ရှိနေပြီဖြစ် ကြောင်း၊ ဆက်လက်၍လည်း နေ့စဉ်နှင့်အမျှ အလှူရှင်များ လာရောက်လှူဒါန်း လျက် ရှိကြောင်း  သိရှိရသည်။

မိုင်းကိုင်မြို့နယ်တွင် ယနေ့အထိ မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စု တို့တွင် ပြည်တော်ပြန်များ၊ ရောဂါပိုးတွေ့ရှိဒေသများမှ ပြန်လာသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြီးကြပ် စောင့်ကြည့်မှု Home quarantine ထားရှိသူ ၁၅၇ ဦး ၊ အခြေခံပညာ အထက်တန်းကျောင်းတွင်  Facility quarantine ထားရှိသူ ၈ ဦးရှိကြောင်းနှင့် အဆိုပါ ကြီးကြပ်စောင့်ကြည့်မှုများကိုလည်း ကျန်းမာရေးဦးစီး ဌာနနှင့် မြို့နယ်အဆင့်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး ကော်မတီက နေ့စဉ်နှင့်အမျှ ကျန်းမာရေးစစ်ဆေးခြင်း၊ အသိပညာပေးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေး ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ကြီးကြပ်စောင့်ကြည့်မှု အရေအတွက် များပြား ခြင်းကြောင့်  စိုးရိမ်ထိတ်လန့်မှုများ မရှိကြရန်နှင့် ယနေ့အထိ သံသယလူနာ တစ်စုံတစ်ယောက်မျှ မရှိသေးကြောင်း၊ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို မိမိတို့က လက်ဦးမှုရယူထားမှသာ  ကျန်းမာခြင်း၏ အောင်မြင်မှု အကျိုးရလဒ် များ ခံစားရမည်ဖြစ်ပါကြောင်း ဆက်လက်၍လည်း အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ၊ ဒေါက်တာစိုင်းထွန်းလှိုင်းက ပြောကြားကြောင်း သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)