ညောင်ရွှေမြို့၌ အခြေခံစားသုံးကုန်စည်များ ဈေးနှုန်းတည်ငြိမ်မှုရှိရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ မတ် ၃၁

လတ်တလောကမ္ဘာနှင့်အဝှမ်း ကူးစက်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကြောင့် ကုန်သည်များ ဈေးကစားခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းများ ဖြစ်ပေါ်လာမည်ကို ပြည်သူလူထုများ စိုးရိမ်ပူပန်မှု မရှိစေရန်အတွက် ညောင်ရွှေမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်၊ စစ်‌ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကြီးကြပ်မှု ကော်မတီသည် ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ညောင်ရွှေမြို့ အတွင်းရှိ ဆန်ကုန်သည်ကြီးများနှင့် ဆွေးနွေးညှိနှိုင်းခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆန်ကုန်သည်အသင်းဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့၊ မြို့မမင်္ဂလာဈေးအတွင်းရှိ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ရောင်းချသော ဈေးဆိုင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ လက်လီလက်ကားရောင်းချသော ဈေးဆိုင်များ သို့ သွားရောက်၍ ဈေးနှုန်းတည်ငြိမ်မှုရှိရေးနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မပြုလုပ်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ