မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်းအခမ်းအနား ပြုလုပ်

မူဆယ် မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်း၌ ယမန်နေ့ နံနက် (၁၁) နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညီစိန်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ ဦးကိန်မိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်းစိုးသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များ တက်ရောက်သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်က “ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်မှု များကို ဌာနဆိုင်ရာနှင့်အဖွဲ့ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ကဏ္ဍအသီးသီးမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အားရ ကျေနပ်မှု ရှိပါကြောင်း၊  ရှေ့ဆက်၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို အချိန်ကာလတစ်ခုထိ ပြုလုပ် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် သတိရှိစွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ရှင်းလင်းပြောကြားပြီး အခမ်းအနား တက်ရောက် လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းအဖွဲ့ များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များက မူဆယ်မြို့ အတွင်း ရှေ့ဆက်လုပ်ဆောင်သွားမည့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့်လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေးကြသည်။

ဆက်လက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များ အတွက် ရည်ရွယ်၍ မူဆယ်မြို့၊ ကိုးကန့် စီးကရက်စက်ရုံ၊ ပဲ၊ပြောင်း၊ နှမ်းကုန်စည်ဒိုင်၊ Myanmar Commercial ကုမ္ပဏီနှင့် Excellent Fortune Foundation တို့မှ တာဝန်ရှိသူများက စုစုပေါင်း ငွေကျပ်(၂၁၆)သိန်းတန်ဖိုးရှိ ငွေသားများနှင့် နှာခေါင်းစည်း (၆၀၀၀)ခု၊  PPE ဝတ်စုံ(၆၈)စုံ၊  Apron (ရှေ့ကာ) ဝတ်စုံ(၂၀)စုံနှင့် လက်သန့်ဆေးရည်(၇၀)ဗူး ပေးအပ် ထောက်ပံ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုင်းဘဉာဏ်