ရိခေါ်ဒါရ်မြို့ပြည်သူများအား အခြေခံစားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကုန်စျေးနှုန်း မြှင့်တင်ရောင်းချခြင်း မရှိဘဲ ရောင်းချပေး

ရိခေါ်ဒါရ်   မတ်   ၂၅

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ပြည်သူများအနေဖြင့် ကမ္ဘာ့နိုင်ငံအနှံ့ပြန့်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှုကြောင့် ပြည်သူများ ဝမ်းစာပြတ်လတ်မှုနှင့် စားသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မည်ကို စိုးရိမ်သူများရှိကြပါသော်လည်း ရိခေါ်ဒါရ်မြို့၌ လက်ရှိအခြေအနေ အထိ ဆန်နှင့်အတူ အခြားစားသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိဘဲ ပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ရိခေါ်ဒါရ်မြို့ဒေသဟာ ချင်းပြည်နယ် အနောက်မြောက်ပိုင်းရှိ နေရာဒေသ အစွန်ဆုံးမှာတည်ရှိတာဖြစ်လို့ ဝမ်းစာပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းအဆမတန် မြင့်တက်မှာကို စိုးရိမ်ကြသူတွေရှိပါတယ်။ ပြည်သူများ ဝမ်းစာ ပြတ်လပ်မှုနှင့် ကုန်စျေးနှုန်း မြင့်တက်ခြင်း၊ လူမှုရေး အခက်အခဲများမရှိစေရေးအတွက် ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနတွေက အမြဲတမ်း အလေးထားစောင့်ကြည့်ဆောင်ရွက်နေပါတယ်။ ယနေ့လက်ရှိ အခြေအနေထိ ရိခေါ်ဒါရ်မြို့ ပြည်သူ များ ဝမ်းစာပြတ်လပ်မှုမရှိဘဲ ဆန်နှင့်အတူ အခြားစားသုံးကုန်ပစ္စည်းများ ဝယ်ယူဖို့ ရှိနေပါတယ်။ ကုန်စျေးနှုန်းမြင့်တက်မှုမရှိဘဲ တည်ငြိမ်နေပါတယ်။ အကယ်လို့များ ပြည်သူများအနေဖြင့် ဝမ်းစာပြတ်လပ်မှု အခက်အခဲများရှိပါက အချိန်နှင့် တစ်ပြေးညီ ကူညီပံ့ပိုးနိုင်ဖို့၊ သတင်းပေးပို့ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ညွှန်ကြားထားပါတယ်။ ပြည်သူများအနေနဲ့ ကျန်းမာရေးနှင့် အခြားအရေးပေါ်ကိစ္စများဖြင့် ခရီးသွားစရာရှိပါကလည်း ကားဂိတ်များ ပိတ်ပင်တာမရှိပါဘူး။ သို့သော်လည်း မြို့မှဝင်ထွက်သွားလာသူမှန်သမျှကို ကျန်းမာရေး အခြေအနေ စစ်ဆေးဆောင်ရွက် ထားပါတယ်” ဟု ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ပြောသည်။

“ကျွန်တော်တို့ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံအနေနဲ့ မြို့အဝင်အထွက်နေရာများမှ ဖြတ်သန်း သွားလာသူမှန်သမျှ ကျန်းမာရေးစစ်ဆေးမှုကို နေ့စဉ်ဆောင်ရွက်ထားပါတယ်။ တိုက်နယ်ဆေးရုံမှာလဲ အတွင်းလူနာ၊ ပြင်ပလူနာ ပြုစုကုသ စောင့်ရှောက်မှု အလေးထား ဆောင်ရွက်နေပါတယ်။ အရေးပေါ် လူနာရှိမိပါက ၂၄ နာရီ ပြုစုကုသ စောင့်ရှောက်ဖို့ အဆင်သင့်ရှိနေပါတယ်။ ကျွန်တော်တို့ ရိခေါ်ဒါရ်မြို့မှာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး စောင့်ကြည့်လူနာနှင့် သံသယ လူနာ တွေ့ရှိခြင်း မရှိသေးပါ” ဟု တိုက်နယ် ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာ စန်းမာက ပြောသည်။

ရိခေါ်ဒါရ်မြို့ ရပ်ကွက်ပြည်သူများနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများ ဝမ်းစာပြတ်လပ်မှုမရှိစေရေးအတွက် နေ့စဉ်မဖြစ်မနေလိုအပ်သည့် ဆန်နှင့်အခြားစားသုံး ကုန်ပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မှတစ်ဆင့် ဝယ်ယူတင်ပို့လာခြင်း ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအထိ ပြည်သူများအတွက် ကုန်စျေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိဘဲ စျေးနှုန်းတည်ငြိမ်လျက်ရှိပြီး ပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်ကြောင်း သိရသည်။

ပက်ကာ (ပြန်/ဆက်)