မိုးကုတ်မြို့နယ် လယ်ဦးအုပ်စု ဓာတ်တော်ပျားစွဲလူး လုပ်ကွက်ဟောင်း​မြေပြိုကျရာမှ ကျောက်ရှာသူ သုံးဦးပိတ်မိရာ နှစ်ဦး လွတ်မြောက်၍ တစ်ဦးသေဆုံး

မိုးကုတ် ဩဂုတ် ၁၂

ယမန်နေ့ ညနေပိုင်းတွင် မိုးကုတ်‌ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတစ်ခုဖြစ်သည့် ဓာတ်တော်ပြန့်လုပ်ကွက် ပျားစွဲလူးတွင် တွင်းပြိုကျမှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူးအတွင်း ကျောက်ရှာဖွေနေသူ တွင်းလုပ်သားသုံးဦးမှာ မြေအောက် ပေ ၁၅၀၀ ခန့်တွင် ပိတ်မိနေခဲ့ပြီး နှစ်ဦးမှာအပြင် ပြန်လည်ရောက်ရှိလာခဲ့ကာ တစ်ဦးမှာ လူးအတွင်း ပိတ်မိပျောက်ဆုံးနေခဲ့ပါသည်။ တွင်းပြိုပိတ်မိနေသည့် လူး အတွင်းသို့ မိုးကုတ်မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှူး ဦးနန္ဒထွန်းနိုင်ဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီ အဖွဲ့များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) နှင့် ပြည်သူအများပူးပေါင်းမှုဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ည (၈) နာရီခန့်တွင် ပျောက်ဆုံးနေသူအား ရွှံ့နွံနှင့်ကျောက်ခဲများကြားတွင် ပိကာသေဆုံးလျက် တွေ့ရှိခဲ့သည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များမှ သေဆုံးသူရုပ်အလောင်းအား လူးတွင်းမှအပြင်သို့ ခက်ခဲစွာပြန်လည်ထုတ်ယူ သယ်ဆောင် လျက် ရုပ်အလောင်းအား ည (၁၀) နာရီတွင် မိုးကုတ်မြို့ ပြည်သူ့ဆေးရုံ‌မော်ကျူရီသို့ မြတ်စေတနာလူမှု​ရေးအသင်းကားဖြင့် ပို့ဆောင်ခဲ့သည်။ အဆိုပါ တွင်းပြိုကျမှုဖြစ်စဉ်ကြောင့် ပိတ်မိနေသည့် ကျောက်မျက်ရှာတွင်းလုပ်သား ၃ ဦးအနက်မှ နှစ်ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ကျော်ဇေယျာမြင့်(ပြန်ဆက်)