ကျေးရွာမတည်ရန်ပုံငွေ(V‌RFP)စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်

လှည်းကူး သြဂုတ် ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်လှည်းကူးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေများ တိုးပွားလာ စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ(V‌RFP)စီမံကိန်းနှင့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၁၃)ရွာတို့အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက် နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ တိုင်းဒေသကြီးလွှတ်တော် ဒေါ်မြတ်မာလာထွန်း၊ မြောက်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့ က အသီးသီးအမှာစကားပြောကြားခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမျိုးအောင်က စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေ၍ စိုက်ပျိုးထုတ်လုပ် ရောင်းချနေသူများ၊ အသေးစား လုပ်ငန်းလုပ်ကိုင်နေသူများအား စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်စေရန် (V‌RFP)စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ()ရွာအတွက် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း(၁၂၀၀)နှင့် ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေး နေသော Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၈)ရွာအတွက် ရန်ပုံငွေ ကျပ်(၈၀၀) တို့ကို တာဝန်ရှိသူများက ကျေးရွာစီမံကိန်းတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)