ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းရှိ ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက်T.N.C မိသားစုမှ ထောက်ပံ့ငွေများလှူဒါန်း

မင်းဘူး ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းရှိ ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက် The Nature Conservancy (T.N.C) မိသားစု မှ ထောက်ပံ့ငွေများ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆင်စခန်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ကိုဗစ်-၁၉ ကာလအတွင်း  ဆင်စခန်းရှိ ဆင်ဝန်ထမ်းများနှင့် ဆင်များ အတွက် တဖက်တလှမ်းမှ အထောက်အကူဖြစ်စေရန်အတွက် The Nature Conservancy (T.N.C) မိသားစုမှ ဆင်စခန်းရှိ ဝန်ထမ်း ၃၂ ဦးအတွက် တစ်ဦးလျှင် ထောက်ပံငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် လှူဒါန်းသောငွေများကို မကွေးတိုင်းဒေသကြီး မြန်မာ့ သစ် လုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးသိန်းဦး၊ မင်းဘူးမြို့သစ်ထုတ်လုပ်ရေးဒေသမှ မန်နေဂျာ ဦးအောင် နေလင်းနှင့် ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးလှသန်းတို့က အသီးသီး ပေးအပ် ခဲ့ကြသည်။

အဆိုပါ ဆင်စခန်းတွင် ဆင် ၁၂ ကောင်ရှိပြီး ဆင်စာအဖြစ် စပါး၊ ဆန်၊ အခြား ဖြည့်စွက်စာနှင့် ဆင်ဆေးဝါးများဝယ်ယူရန်အတွက် The Nature Conservancy (T.N.C) မိသားစုမှ ဆင် တစ်ကောင်လျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၁၈) သိန်းကိုလည်း ထပ်မံ လှူဒါန်း ပေးအပ်ခဲ့ကြောင်း ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးလှသန်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)