ဖယ်ခုံ မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က အငြိမ်းစားပင်စင် လာရောက်ထုတ်ယူသော ပင်စင်စားအဘိုးအဘွားများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
“အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလိုဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်။ ရုံးချိန် ၉ နာရီခွဲဆိုပေမဲ့ ဒီနေ့မနက် ၈ နာရီထဲကစပြီးထုတ်ပေးခဲ့တာပါ။ ဒီနေ့ ပင်စင်လာ ရောက် ထုတ်ယူသူ ၂၇၇ ဦးရှိပါတယ်။ သူတို့ကိုပညာပေးရင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်ရေးအနေနဲ့ ဘဏ်ရှေ့မှာ လက်ဆေးဖို့နေရာ တွေ၊ အနားယူစောင့်ဆိုင်းဖို့နေရာတွေစနစ်တကျ ပြင်ဆင်ပေးထားပါတယ်” လို့ ဘဏ် မန်နေဂျာ ဦး၀င်းနိုင်က ပြောကြားသည်။
အဆိုပါ ပင်စင်လာရောက်ထုတ်ယူသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ကျန်းမာရေး ၀န်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် ကိုယ်ပူချိန်တိုင်းပေးခြင်း၊ လက်ကို စနစ်တကျဆေးရန်နှင့် ရောဂါမကူးစက်စေရန် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို ပညာပေးစည်းရုံး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)