မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ပေးအပ်ထောက်ပံ့

မူဆယ် မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတအသင်းအဖွဲ့များကို ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ စဉ်ဆက်မပြတ် ပေးအပ်ထောက်ပံ့လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်စုပေါင်းရုံး၌ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်ဗူးများနှင့် အဖျားတိုင်း သာမိုမီတာများ  ထပ်မံပေးအပ် ထောက်ပံ့သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ‌ ပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က “ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်မှုတွေကို ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းပြီး အစဉ်ဆက်မပြက်ဘဲ အရှိန်အဟုန်ပြင်းထန်စွာ ဆောင်ရွက်ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ကာလကြာရှည်စွာ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် မိမိကျန်းမာရေးကိုလည်း ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးစစ်ဆေး ချက်များ လုပ်ဆောင်တဲ့အခါမှာ လိုအပ်ချက်များရှိပါက ကူညီပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးမှု များကို  သတိရှိစွာ ကိုင်တွယ်ဆောင်ရွက် ကြရန်လိုအပ်ကြောင်းနှင့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း”ပြောကြားပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များက မူတယ်မြို့အတွင်း ရှေ့ဆက် လုပ်ဆောင်သွားမည့်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အကြံပြုဆွေးနွေးသည်။

 ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က မူဆယ်မြို့ပညာရေးဦးစီးဌာနများအသုံးပြုရန် စုစုပေါင်းကျပ် (၂၁၂၅၀၀၀)တန်ဖိုးရှိ အဖျားတိုင်းတာမိုမီတာ(၂၅)ခု၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတအသင်းအဖွဲ့များ အသုံးပြုရန် စုစုပေါင်း ကျပ် (၃၅၈၀၀၀၀)တန်ဖိုးရှိ နှာခေါင်းစည်း(၆၀၀၀)ခုနှင့် လက်သန့်ဆေးရည်ဗူး(၁၀၀)ပေးအပ်ခဲ့‌ပြီး မူဆယ်ခရိုင်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ ထံသို့ ဆက်စပ်ပစ္စည်းပေးအပ်ထောက်ပံ့မှုတွင် ကျပ်သိန်းပေါင်း(၄၀၀)ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)