မြဝတီ BCF ဇုန်တွင်(Surgital)ပိုးသတ်​ဆေးဖြန်း

မြဝတီ မတ် ၂၄

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မြဝတီမြို့နယ်စပ်ဂိတ်များကို မတ်လ ၂၁ ရက်နေ့တွင် ပိတ်သိမ်းခဲ့ရာ  ထိုင်းနိုင်ငံရှိ မြန်မာပြည်သူပြည်သားများ အဆင်ပြေစေရန်ပြန်လာနိုင်ရေးအတွက်ရည်ရွယ်ပြီး မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် -၂ တံတားကို မတ်လ ၂၁ ရက်နေ့မှစပြီး မတ်လ၂၃ ရက်နေ့ အထိ ဖြတ်သန်းခွင့်ပြုပြီး ဖြတ်သန်းလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအနေဖြင့် မြဝတီခရိုင်ကျန်းမာရေးဌာနအနေဖြင့် နေပြည်တော်၊ ဘားအံနှင့် ကော့ကရိတ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အင်အားဖြည့်ပူးပေါင်းပြီး အပူချိန်တိုင်းခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်​ရေးတံတားအမှတ်(၂) Border Control Facilities BCF Zone၌  Disinfectance (Surgital) ပိုးသတ်​ဆေးဖြန်းခြင်းလုပ်ငန်း​ကို မတ်လ ၂၃ ရက် ည ၈ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပြီး ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြို့မိ/မြို့ဖ ဒေါက်တာကိုကိုအောင်၊ မီးသတ်တပ်ဖွဲ့များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှထွန်းနှင့်အဖွဲ့များ၊ ZRescue မှ ကိုဇော်ဇော်နှင့်အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)