စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေထုတ်ချေး

စေတုတ္တရာ    ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေများအား ယမန်နေ့ နေ့လယ်ပိုင်းက ခွေးမလောင်နှင့် ကြောင်သိုက်ကျေးရွာများတွင် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ ချေးငွေထုတ်ချေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ကာ စီမံကိန်း အကြောင်းအရာများ၊ လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေများ၊ ပြန်လည်ပေးဆပ်ရမည့် ချေးငွေ အတိုးနှုန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ဆောင်ရွက်ခွင့်ရရှိသော ခွေးမလောင် ကျေးရွာတွင် ရန်ပုံငွေ ကျပ်သိန်း(၃၀၀)နှင့် ကြောင်သိုက်ကျေးရွာတွင် ရန်ပုံငွေကျပ်သိန်း(၂၀၀)အား  ထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် လုပ်ကွက်ငယ် တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား စီးပွာရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်၊ မိသားစုဝင်ငွေ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တိုးပွားရရှိလာသော ရန်ပုံငွေဖြင့် ကျေးရွာမတည် ရန်ပုံငွေများ စဉ်ဆက်မပြတ် ငွေကြေးအရင်းအနှီးများ ရရှိစေရန်နှင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ကို အိမ်ထောင်စု(၅၀)နှင့် (၁၀၀)ကြားတွင်ရှိသော ကျေးရွာ(၂)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေကျပ်သိန်း(၂၀၀)ဖြင့် လည်း ကောင်း၊ အိမ်ထောင်စု(၁၀၀)နှင့်အထက်ကျေးရွာ (၆)ရွာတွင် ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)ဖြင့်လည်းကောင်း စုစုပေါင်းကျေးရွာ(၈)ရွာတွင် အကောင် အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်း ထံမှ သိရသည်။ 

စည်သူလွင်(ပြန်/ဆက်)