လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ် မည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်းသွားရောက် ကြည့်ရှုစစ်ဆေးကြရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းကာ ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ စုစုပေါင်း ၂၁ ရက်ကြာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပညာပေး ဖျော်ဖြေရေးကားဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုသို့လှည့်လည်နှိုးဆော်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးခွင့်ရှိသူ တိုင်း မဲပေးနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲစာရင်းအား လာရောက်ကြည့်ရှုစစ်ဆေးပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်လျှင် ပုံစံ(၃)ဖြင့် အမည်စာရင်းထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄−ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လိုအပ် သည့်ပုံစံများအား သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက် ပြီးစီးပါက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)