ဟင်္သာတ သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးဝင်းမြင့်သည် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ရုံးအဖွဲ့မှူး ဒေါ်လဲ့လဲ့ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေး၊ ဟင်္သာတခရိုင် တရားသူကြီး ဦးညီညီအေးနှင့် မြို့နယ် တရားသူကြီး ဒေါ်မျိုးမာလာခင်တို့ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီက ဟင်္သာတအကျဉ်းထောင်နှင့်မြို့မရဲစခန်း အချုပ်ခန်းတို့ကိုကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ဟင်္သာတအကျဉ်းထောင်မှူး ဦးညွန့်ဘိုဝင်းက အကျဉ်းထောင်အတွင်း ပြစ်ဒဏ် ကျခံနေရသူများနှင့် အချုပ်ကျနေသူများ၏ကျန်းမာရေး၊ နေထိုင်စားသောက်မှု၊ သောက်သုံးရေ ရရှိမှုအခြေအနေတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးနှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူများ၊ အချုပ်ကျနေသူများ နေထိုင်သည့် အဆောင်များ၊ ဆေးပေးခန်း၊ စားဖိုဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းကျနေသူ၊ အချုပ်ကျနေသူများ၏ နေရာထိုင်ခင်းသက် သာချောင်ချိမှုရှိ /မရှိ၊ ကျန်းမာရေးမကောင်း ပါကဆေးကုသခွင့်ရ/မရ၊ ညှဉ်းပန်းနှိပ်စက်ခံရမှုများ ရှိ/မရှိ၊ အစားအသောက်နှင့် အာဟာရ စားသုံးရသည့် အခြေအနေ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့်အခွင့်အရေးများ ရ/မရ တို့ကို မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဟင်္သာတ မြို့မရဲစခန်းအချုပ်ခန်း ကို ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကြံခင်း၊ မြန်အောင်နှင့် အင်္ဂပူမြို့ မရဲစခန်းရှိ အချုပ်ခန်းများကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)