ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ် ဆောင်ရွက်

ထန်းတပင်(ရန်ကုန်)  သြဂုတ် ၁၅

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေးနှင့် ကျန်ရှိမှုများ မရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက် လျက်ရှိပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓနဲရိကျေးရွာအုပ်စု၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု၊ ဝါးတရာကျေးရွာအုပ်စုတို့ကို မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ဓနဲရိကျေးရွာအုပ်စုရှိ ကျောင်းကုန်းကျေးရွာ၊ ထိန်နှစ်ပင် ကျေးရွာအုပ်စုရှိ ထိန်နှစ်ပင်ကျေးရွာနှင့်ရွာသစ်ကျေးရွာ၊ ဝါးတရာကျေးရွာအုပ်စုရှိ ရေတွင်းကုန်း ကျေးရွာတို့တွင် မဲဆန္ဒရှင်စာရင်းတွင် ပါရှိမှု ရှိ/မရှိ စိစစ်ခြင်း၊ မဲစာရင်းတွင်ပါရှိသည့် အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှိ ဆရာ၊ ဆရာမ(၄၀)ဦးတို့အား မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က) ဖြင့်လျှောက်ထား နိုင်ရေးတို့ကိုလည်း စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်းလည်း သိရသည်။

‘‘ထန်းတပင် မြို့နယ်အတွင်းမှာ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးတာနဲ့ အသိပညာပေးတာတွေကို သြဂုတ်လ (၁၂)ရက်နေ့ကနေ စတင်ပြီးတော့ မြို့နယ်အတွင်းမှာ ဆောင်ရွက်လျက် ရှိပါတယ်၊ ဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ကျေးရွာ တာဝန်ခံများနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ပူးပေါင်းပြီးတော့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ လမ်းအလိုက်၊ အိမ်အလိုက် ကွင်းဆင်းစိစစ် ဆောင်ရွက်လျက် ရှိပါတယ်’’ ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ရှင်းပြသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)