ရန်ကုန် ဩဂုတ် ၁၅
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့အထိ အင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၁)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားလျက်ရှိပြီး ဒေသခံပြည်သူများ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင်မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် မကျန်ရှိစေရေး၊ မဲစာရင်းမှန်ကန်စေရေးအတွက် လမ်းအလိုက် တစ်အိမ် တက်ဆင်း လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ Volunteer များနှင့် တာဝန်ရှိသူများ စုဖွဲ့ဆောင်ရွက် လျက်ရှိရာ မဲစာရင်းများ၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)တို့ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း များကို လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)