ကြို့ပင်ကောက် ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့၍ နေအိမ်များအမိုးလန်ခြင်းနှင့် သစ်ပင်များပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပန်းတင်ရပ်ကွက် ပန်းတင်လမ်းရှိ သမဝါယမသစ်စက် ဂိုဒေါင်အဟောင်းအတွင်းရှိ အုတ်ရေကန် အမိုးပေါ်သို့ လုံးပတ်(၇)ပေ၊ အမြင့်ပေ(၄၀)ခန့်ရှိ ကုက္ကိုလ်ပင် အမြစ်ပွ၍ လဲကျခြင်း၊ ကြို့ပင်ကောက်မြို့ အနောက်ဘက် ရှားပင်ထကျေးရွာအုပ်စု ရောက်ချောင်းကျေးရွာတွင် လူနေအိမ် (၁၆)လုံးနှင့် စာသင်ကျောင်း တစ်ကျောင်းတို့ အမိုလန် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁၆)စုမှ လူဦးရေ(၆၂)ဦး လေးဘေးဒဏ်ခံစားခဲ့ရ ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်ကပြောသည်။
လေးပြင်းဒဏ်ခံစားခဲ့ရသော ရောက်ချောင်းကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်တို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)