ဘားအံ မတ် ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြို့ပေါ် (၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၁)အုပ်စုအတွင်း ကျေးရွာများတွင် COVID−19 ရောဂါအကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပေးဗီနိုင်းများ စိုက်ထူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘားအံမြို့ပေါ်(၉)ရပ်ကွက်ရှိ လူအသွားအလာများသောနေရာများနှင့် ကျေးရွာအုပ်စု (၉၁) အုပ်အတွင်း ကျေးရွာများတွင် ပြည်သူသာလျှင် အဓိက ခေါင်းစဉ် ပေးထားသော COVID−19 ရောဂါအကြောင်း၊ ဘယ်လိုကာကွယ်ရမည် သတိပြုရမည် ကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများပါရှိသော အသိပညာပေး ဗီနိုင်း(၁၅၀)ကျော်ကို ဖြန့်ဝေစိုက်ထူသွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်များတွင် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက လူအသွားအလာများ သော နေရာများတွင် စိုက်ထူကပ်ထားကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)