မန္တလေး ဩဂုတ် ၁၇
မန္တလေး၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းမှ အသင်းဝင်စာရေးဆရာများ၏ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၂၁ လမ်းနှင့် ၂၂လမ်းကြား၊ ၈၆ လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်း နာယက၊ သဘာပတိ ဦးလှဘော် (မအူပင်- လှဘော်)က အမှာစကားပြောကြားပြီး အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းဦးက မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြောက်ပွဲအခမ်းအနား ကျင်းပ ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ဦးမောင်မောင်(မောင်မောင်-မန်းတက္ကသိုလ်)က အစီရင်ခံစာအား ဖတ်ကြားတင်ပြပြီး အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်း၏ ဒုတိယသက်တမ်းမှ အမှုဆောင်များ နှုတ်ထွက်ကြောင်းကို မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွဏ်းလှအောင် (မိုးဇော်အောင်-မန္တလေး) က ကြေညာသည်။
ထို့နောက် တတိယသက်တမ်းအတွက် အမှုဆောင်သစ်များကို ရွေးချယ်တင်မြောက်ကြရာ နာယကအဖြစ် ဦးကံလှ (မောင်ခိုင်ဖြိုး-မန္တလေး)၊ ဥက္ကဋ္ဌအဖြစ် ဦးထွဏ်းလှအောင် (မိုးဇော်အောင်-မန္တလေး)၊ အတွင်းရေးမှူးအဖြစ် ဦးမော်စန်း (မြောက်ပြင်တော်က ကိုရွှေမော်)၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးမောင်မောင် (မောင်မောင်-မန်းတက္ကသိုလ်)၊ အမှုဆောင် အဖွဲ့ဝင်များအဖြစ် ဦးအောင်မင်းဦး (မင်းမင်း)နှင့် ဦးမြင့်ဆွေ (ယောမင်းကြီး မောင်မြဝေ)တို့ကို ရွေးချယ်တင်မြောက် ကြသည်။
ဆက်လက်၍ သဘာပတိက တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူပြီး ရွေးချယ်တင်မြောက်ခံရသူများက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူကြသည်။
ယင်းနောက် အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌအသစ် ဦးထွဏ်းလှအောင်က မိတ်ဆက်စကား ပြောကြားပြီး သဘာပတိ ဦးလှဘော်က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း ရန်ပုံငွေအတွက် စာရေးဆရာ ဦးမောင်ဝင်း (ဝင်းတိုး၊ စီမံ-၁၆)နှင့် စာရေးဆရာ ဦးကျော်မြင့် (မောင်ကြွေးကြော်) တို့က အလှူငွေ ၅၀၀၀၀ ကျပ်စီနှင့် အသင်းသားတစ်ဦးက နှစ်စဉ်ကြေး (၄)နှစ်စာ (၂၁)ဦးစာအတွက် ၄၂၀၀၀ကျပ်တို့ကို ပေးအပ်ရာ အသင်းဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)