မိုင်းယောင်း၌ COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ဆောင်ရွက်

မိုင်းယောင်း မတ် ၁၆

မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍  COVID-19 ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုကို ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ယနေ့ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလှုပ်ရှားမှုတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် COVID-19 ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်များအသုံးပြု၍ လက်များသန့်စင်အောင် မကြာခဏ ဆေးပေးသင့်ကြောင်း၊ အပြင်သို့သွားလာပါက နှာခေါင်းစည်း(Mask)များ တပ်ကြရန်၊ နှာချေ၊ ချောင်းဆိုသည့်အခါ လိုက်နာရမည့် နည်းလမ်းများနှင့် ကိုယ်အပူချိန်မြင့်သည့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပို့ကြရန် အသိပညာပေးဟောပြော၍၊ COVID-19 ဗိုင်းရပ်စ်ကာကယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက မကူးစက်နိုင်သည့် ရောဂါများဖြစ်သည့် ဆီးချို၊ သွေးချို၊ နှလုံးနှင့် သွေးတိုး စသည့် ရောဂါများကာကွယ်ရေးအတွက် နေထိုင်စားသောက်ရမည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)