မူဆယ် မတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ် နယ်စပ်ဒေသ မုံးကိုးမြို့၊ ဖောင်းဆိုင်ကျေးရွာ၊ စုပေါင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပြီး ကျန်းမာရေးအထောက်အကူပြု Face Mask (၅၀၀)ခုနှင့် လက်ဆေးရည်(ဂျယ်ဗူး)များ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ရှမ်းပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကော်မတီ(မူဆယ်)မှ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအယ်လ်စိုးထန်တူးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်မြင့်ဦးတို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး Face Mask အသုံးပြုပုံနှင့် လက်များသန့်စင်ဆေးကြောနည်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဖောင်းဆိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပေးအပ်ပြီး တက်ရောက်လာသော ဒေသခံပြည်သူများကို ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရန်အတွက် Face Mask များ လိုက်လံတပ်ဆင်ပေးသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးကိန်မိုင်နှင့် တာဝန်ရှိသူများက ဖောင်းဆိုင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများသို့ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ထောက်ပံ့ပြီး နေနဂါးရောင်ခြည်ကုမ္ပဏီလိမိတက်မှ တာဝန်ခံ ဦးမောင်အေးက ဒေသခံကချင်၊ တအာင်း(ပလောင်)၊ လီဆူနှင့် ကိုးကန့်စာပေယဉ်ကျေးမှုအဖွဲ့တို့အား တရုတ်ယွမ်ငွေ (၄၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)