နောင်တရားမြို့ နွေရာသီသောက်သုံးရေဖူလုံရေး ကြည့်ရှုစစ်ဆေး

နောင်တရား မတ် ၁၆

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့၌ နွေရာသီ သောက်သုံးရေ ဖူလုံရေးအတွက် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် တာဝန်ရှိသူများက နောင်တရားမြို့ရေထွက်များအား ယနေ့နံနက်ပိုင်း ကြည့်ရှု စစ်ဆေးသည်။

နောင်တရားမြို့သည် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ဆိုင်ရာ ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ရေပေးဝေရေးလုပ်ငန်းကို ထီနောင် ရေထွက်မှ မြို့တွင်းသို့ သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိသည်။ ယခင်နှစ်များတွင် နောင်တရားချောင်းသည် ရေခမ်းခြောက်သွားသော်လည်း ထီနောင်ရေထွက်မှ သောက်သုံးရေပေး ဝေခြင်းလုပ်ငန်းကိုဆောက်ရွက်ထားခြင်းကြောင့် သောက်သုံးရေများဖူလုံလျက်ရှိသည်။

ယခုနှစ်တွင် နောင်တရားချောင်းခမ်းခြောက်နေပြီဖြစ်သော်လည်း အဆိုပါထီနောင်ရေထွက်မှ ပုံမှန်နှုန်းဖြင့် ရေများထွက်ရှိနေသောကြောင့် သောက်သုံးရေရှားပါးမှုမှာစိုးရိမ်စရာမရှိကြောင်း သိရသည်။ နောင်တရားမြို့ ပတ်ဝန်းကျင်ကျေးရွာများတွင် ရေရှားပါးသောကျေးရွာများသို့ သောက်သုံးရေများလှူဒါန်းရာတွင်လည်း အဆိုပါရေထွက်မှ ရေသယ်ယာဉ်များဖြင့်သယ်ယူ၍ လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)