ပင်လုံ မတ် ၁၆
လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့ နံနက် ၉:၀၀ နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စု နောင်လိုင့်ကျေးရွာ၌ Covid -19 အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လွိုင်လင်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဇေယျ က Covid -19 ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေနေသည့် ကောလာဟလများကို မယုံကြည်ကြရန်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus (COVID 2019) မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့် မိမိတို့ပတ်ဝန်းကျင်တွင် သံသယလူနာများတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ အသိပေးကြရန် ပြောကြားခဲ့သည်။
ကွင်းဆင်းစစ်ဆေးချက်များအရ ပင်လုံမြို့တွင် ယနေ့အထိ Coronavirus (COVID 2019) ဖြင့် သေဆုံးသူနှင့် ရောဂါပိုးတွေ့ရှိသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိကြောင်းနှင့် သေဆုံးသူများမှာလည်း သာမန်ရောဂါများဖြင့်သာသေဆုံးကြောင်း သိရှိရသည်။
နန်းမြင့်မြင့်ဆွေ