ပြင်ဦးလွင်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများပို့ချ

ပြင်ဦးလွင် ဩဂုတ် ၁၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများကို အပတ်စဉ်အဆိုပါရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ သင်တန်းကြီးကြပ်ဆရာများနှင့်  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းများကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းများ၊ ၎င်းသင်တန်းနှင့် ဆက်စပ်လျက်ရှိသော ယာဉ်မောင်းလိုင်စင် ဖြေဆို၊ စစ်ဆေးခြင်းလုပ်ငန်းများကို  ခေတ္တရပ်ဆိုင်းထားလျက် ရှိသည်။

ယခုအခါတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းများနှင့် ဆက်စပ်လျက်ရှိသော သင်တန်းများကို (၄-၈-၂၀၂၀) ရက်နေ့မှစတင်ပြီး ရက်တိုသင်တန်းများပို့ချခြင်း၊ ဆန်းစစ်ချက်များစစ်ဆေးခြင်းနှင့် လက်တွေ့ယာဉ်များမောင်းနှင်စမ်းသပ်မှုများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)