ဖာပွန်မြို့၌ (COVID-19) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်

ဖာပွန် မတ် ၁၄

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံမှု အန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး အများပြည်သူများ ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်ရေးအတွက် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ယနေ့နံနက်ပိုင်း က ခရိုင်နှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့(၇)ဖွဲ့ခွဲ၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖာပွန်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်၊ စျေးနှင့်လူစည်ကားရာ နေရာများသို့ သွားရောက်ပြီး (COVID-19) အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကောလဟာလသတင်းများအား အလွယ်တကူ မယုံကြည်စေရန်နှင့် ၁၃.၃.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတရုံးမှ ပြည်သူသို့ပန်ကြားချက်ကို ပြည်သူများ သိရှိနိုင်စေရန် ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်မျာအား ဖြန့်ဝေခြင်း၊ အသိပညာပေးပိုစတာများ လိုက်လံကပ်ထားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)