ဟားခါး မတ် ၁၄
ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှဦးဆောင်၍ (COVID-19) ရောဂါအကြောင်း သိကောင်းစရာများ စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ဟားခါးမြို့ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံက (COVID-19)ရောဂါနှင့်ပတ်သက်၍ သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ရောဂါ ကူးစက်ခံရသူတိုင်း အသက် အန္တရာယ်ရှိမှု ရာခိုင်နှုန်းနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများတွင် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သတင်းမီဒီယာများ က ပူးပေါင်း ဆောင်ရွက် ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသူများ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းချက်များအား ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကာ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးပီတာခိုင်ဒိတ်တုန်က ဆွေးနွေးချက်များအား တင်ပြရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ဖြည့်စွက်ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်းမင့်ထန် ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ ချင်းပြည်နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ သတင်းမီဒီယာများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ပြန်/ဆက်)