မိုးညှင်း မတ် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုအတွင်းရှိ လက်ပံတန်း ကျေးရွာရှိ ဒေသခံပြည်သူများ မိရိုးဖလာလုပ်ကိုင်ခဲ့သည့် တံမြက်စည်း(အနု)ပြုလုပ်ရောင်းချမှုဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါကျေးရွာရှိ ရာအိမ်မှူး ဦးထွန်းထွန်းဦးက ယမန်နေ့ နံနက်ပိုင်းက ပြောကြားခဲ့သည်။
လက်ပံတန်းကျေးရွာသည် မန္တလေး-မြစ်ကြီးနားမီးရထားလမ်းဘေးတွင် အိမ်ခြေပေါင်း (၁၄၀) ခန့်ဖြင့်ဖွဲ့စည်းထားသည့် ကျေးရွာဖြစ်ပြီး တစ်ရွာလုံးနီးပါး တံမြက်စည်း(အနု) ပြုလုပ်လျက်ရှိကြောင်းကို ဦးထွန်းထွန်းဦးက “ ရွာကအိမ်ခြေ ၁၄၀ရှိတယ်၊တံမြက်စည်းလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ကြတယ်၊ ရွာမှာရှိတဲ့ အမျိုးသမီးအားလုံးနီးပါး ဒီလုပ်ငန်းလုပ်တယ်၊ တစ်ချို့ကကိုယ်ပိုင်လုပ်တယ်၊ တစ်ချို့ကအငှားပြုလုပ်တယ်၊ အိုးမကွာအိမ်မကွာလုပ်ရတယ်ဆိုတော့ အဆင်ပြေတယ်လို့ပြောရမှာပေါ့” ဟု ပြောကြားသည်။
“တစ်ရက်ကိုအခြားအလုပ်မလုပ်ဘူးဆိုရင် အချောင်း၂၀လောက်ပြီးတယ်၊ တစ်ချောင်းကို ၈၀၀ကျပ် ရတယ်၊ ကုန်ကြမ်းနဲ့အခြားပစ္စည်းဖိုးတွေ နုတ်လိုက်ရင် တစ်ချောင်းကို၂၀၀လောက်ကိုယ့်အတွက် ကျန်တယ်” ဟု အဆိုပါကျေးရွာမှ လုပ်ငန်းလုပ်ကိုင်သူဒေါ်မြရီက ပြောကြားသည်။
တံမြက်စည်းရိုးကုန်ကြမ်းကို ရိုးတံအရွယ်အစားအလိုက် တံမြက်စည်းရိုးတစ်ခုလျှင် ငွေကျပ် ၈ကျပ်နှင့် ၁၀ကျပ် ပေးဝယ်ရပြီး ရိုးတံ၁၀၀လျှင် တံမြက်စည်း ၃ချောင်းခန့်ရရှိကြောင်းနှင့် အဆိုပါတံမြက်စည်းရိုးတံများကို ကချင်ပြည်နယ် မြေပြန့်လွင်ပြင်များနှင့် တောတောင်များအတွင်း အလေ့ကျပေါက်ပင်များအဖြစ် အများအပြားတွေ့ရှိရကြောင်း ကျေးရွာဒေသခံများထံမှသိရသည်။
ပြုလုပ်ရရှိသည့် တံမြက်စည်း(အနု)များကို ဒေသတွင်း အသုံးပြုမှုများရှိသလို ရွှေဘို၊ စစ်ကိုင်း၊ မန္တလေးမြို့များအထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)