ကျိုက်ဒုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျိုက်ဒုံ မတ် ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၈ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦး၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဆုဝေနှင့် အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များက (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးရပ်နီးမှလာရောက်၍ တည်းခိုနေကြသော ကျိုက်ဒုံမြို့ တိဿာရာမ စာသင်တိုက်တောင်ပေါ်ကျောင်း၊ ဇေတိကရုံ ဘုန်းကြီးကျောင်း၊ ကျိုက်မဂ္ဂီ ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံများတွင် သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာ ဗိုင်းရပ်စ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ အမှာစကားပြောကြားပြီး တိုက်နယ် ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးမှ ကျောင်းသား ကျောင်းသူများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ(2019-nCoV)နှင့် ပတ်သက်၍ သိကောင်းစရာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ မိမိကိုယ်မိမိ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်၍ ကုသမှုခံယူကြရန်၊ လူစုလူဝေးနေရာများ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်စသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး သည်။

မိခင်နှင့်ကလေးစောင့်ရှောက်အသင်းများနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ၊ တာဝန်ရှိသူများက လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက် သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အဆိုပါအဖွဲ့များသည် ကျိုက်ဒုံမြို့ စည်ပင်ဦးစီးမှူးနှင့်ပူးပေါင်း၍ မြို့မဈေး၌ ဈေးရောင်း ဈေးဝယ်နေကြသည့် ပြည်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ပြန်/ဆက်)