မန္တလေး ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်မင်းကြီးကျောင်း၌ ဖွင့်လှစ်ထားသော တောင်သမန်အင်းမှ ငှက်လှေသမား ၂၀ ဦးကို ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းမျာ းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
"သင်တန်းမှာကတော့ ခရီးသွားဧည့်သည်တွေကို ယဉ်ယဉ်ကျေးကျေးဆက်ဆံရမယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ရှိရမယ်။ ကိုယ့်နိုင်ငံကို တစ်ခါလာပြီး နောက်နှစ်ခါထပ်လာချင်အောင် ဆွဲဆောင်မှုမျိုးတွေ သင်တန်းပို့ချပေးတယ်။ ပြင်သစ်၊ အီတလီ၊ စပိန်၊ အင်္ဂလိပ်၊ ထိုင်း၊ တရုတ် အဲဒါတွေ သင်ကြားပေးတယ်။ အစကတော့ သင်တန်းကခက်ခဲမယ်လို့ ထင်ထားကြတာ။ အဲလို မခက်ခဲအောင် အင်္ဂလိပ်လို ရေးတယ်။ ဗမာလိုလည်း ပြန်ပြီးရေးပေးထားတော့ သင်ရတာ လွယ်ကူသလို အဆင်လည်းပြေပါတယ်။
နိုင်ငံခြားခရီးသွားဧည့်သည် တော်တော်များများက ဦးပိန်မှာ များသောအားဖြင့် ငှက်လှေစီးပြီး နေဝင်ချိန်တွေကို ကြည့်ကြတာများတယ်။ ဒီလိုသင်ပေးတော့ အများကြီးအကျိုးရှိသလို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာလည်း လိုလေသေးမရှိအောင် နေ့စဉ်နဲ့အမျှ လူ ၂၀ အတွက် တစ်နေ့ကို ၄၈၀၀ ကူညီပံ့ပိုးပေးတယ်။ ကိုဗစ်ကာလမှာ ဒီလိုသင်တန်းဖွင့်ပြီး ဒီလိုကူညီပေးတဲ့ အတွက် အဆင်ပြေတာပေါ့။ " ဟု တောင်သမန်အင်း ဦးပိန်တံတား ဌက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးချိန်တွင် ဝင်ငွေရရှိစေရေးနှင့် ဝန်ဆောင်မှု တိုးတက်ကောင်းမွန်စေရေးကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၏ ကြီးကြပ်မှု၊ မန္တလေးဧည့်လမ်းညွှန်များအသင်း၏ပူးပေါင်းပါဝင်မှုဖြင့် ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို အမရပူရမြို့နယ် တောင်မင်းကြီးကျောင်း၌ ဖွင့်လှစ်ပေးနေကြောင်း၊ အဆိုပါသင်တန်းတွင် တောင်သမန်မှ ငှက်လှေသမား ၂၀ ဦးတက်ရောက်ပြီး တစ်ဦးလျှင် နေ့စဉ်ထောက်ပံ့ကြေးငွေ ၄၈ဝဝ ကျပ်နှုန်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ထိပ်ထားနိုင်