မိုးညှင်း မတ် ၁၄
ကမ္ဘာ့နိုင်ငံများတွင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID -19) နှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီတွင် မိုးညှင်းမြို့နယ်၊နန်းမားဒေသ ၊ လက်ပံတန်းကျေးရွာ ဓမ္မာရုံ၌ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နှောင်းက အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ Coronavirus Disease 2019(COVID-19) သည် ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများတွင်ဖြစ်ပွားလျက်ရှိရာ ယခုလ(၁၁) ရက်နေ့ တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(World Health Organization-WHO) က သတ်မှတ်ကြေညာ ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ရောဂါဖြစ်ပွားမှု မရှိသေးသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သည့်သတင်းနှင့် သတိပေးနှိုးဆော်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း၊ လူမှုမီဒီယာများတွင် ပျံ့နှံ့နေသည့် သတင်းအမှားများကို မယုံကြည်သင့်ကြောင်း စသည်ဖြင့်ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးလွင်က စားသုံးသူ အကာ အကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဝင်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း၊ အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာပိုက အလုပ်ရှင် အလုပ်သမားများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပြီး ခရိုင်ပြန်/ဆက်မှ ခင်းကျင်းပြသထားသည့် (COVID -19)နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အသိပညာပေး ဗွီနိုင်း များကို ဒေါ်ကြည်ကြည်နှောင်းက တက်ရောက်လာသူများအား လိုက်လံရှင်းလင်း ပြသပေးခဲ့ ကြောင်းသိရသည်။
ကျော်ကျော်(မိုးညှင်း)