မတူပီမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲကျင်းပ

မတူပီ  မတ် ၁၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မတူပီမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မတူပီမြို့၊ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မတူပီမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသူများကို နယ်မြေခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်နှင့် မတူပီမြို့၊ စစ်ဗျူဟာမှူးကြီး၏ဇနီး ဒေါ်သီရိကိုတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လျန်ဒိုမာန်က သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ချီးမြှင့်ပြီး အမျိုးသမီးသင်တန်းသူများ ကိုယ်စား မတင်ဇင်ဝင်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ချင်းပြည်နယ်၊ မတူပီမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်တန်းသူ စုစုပေါင်း (၁၈၀၀)ကျော်ကို မွေးထုတ်ပေးနိုင်ပြီး ရန်ကုန်မြို့ရှိ အထည်စက်ရုံများတွင်လည်း အလုပ်လုပ်ကိုင် နေကြပြီ ဖြစ်ကြောင်း၊ မတူပီမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သင်ကြားပို့ချမှုများ အခက်အခဲမရှိစေရန်အတွက် သင်တန်းသုံးပစ္စည်း(၂၇)မျိုးနှင့် သင်တန်းသုံး ပိတ်စမျိုးစုံကိုလည်း အခမဲ့ ထောက်ပံ့လျက်ရှိကြောင်း၊ ယခုအဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲမှ သင်တန်းသူစုစုပေါင်း(၅၀)ဦးရှိပြီး နယ်ဝေးဒေသများမှ လာရောက် သင်ကြားသည့် သင်တန်းသူများကို လည်း အပြန်စရိတ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ခင်သူဇာမျိုး(ပြန်/ဆက်)