ဟားခါးမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်ပညာ အမှတ်စဉ်(၁)သင်တန်း ဆင်းပွဲ ကျင်းပ

ဟားခါး  မတ် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ ချင်းပြည်နယ် ရုံးကွပ်ကဲမှုအောက်ရှိ ဟားခါးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ကျင်းပရာ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် က တက်ရောက် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံးကိုလည်းကောင်း ၊ ပြည်နယ်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက သင်တန်းဆင်း သင်တန်းသူများ ကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ်အထည်နှင့် လက်မှုလက်ရာများ ခင်းကျင်းပြသမှုများကို ကြည့်ရှု အားပေးခဲ့ကြပြီး အဆိုပါ သင်တန်းတွင် သင်တန်းသူဦးရေ(၅၀)တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၈)ပတ် ကြာမြင့် ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း (၃၇)ကျောင်းတွင် သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ကြပြီး စုစုပေါင်း သင်တန်းသူ (၁၉၁၀) ဦးရှိကြောင်းနှင့် သင်တန်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်အထိ သင်တန်းသူ(၈၉၈၉၆)ဦး ရှိပြီး အဆိုပါ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ(၄၀၄၉၆)ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် (၄၅%) အလုပ် အကိုင် ဖန်တီး ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ပြန်/ဆက်)