သီပေါ မတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)(Village Development Project) ရန်ပုံငွေကျပ် သိန်း၁၀၀စီဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာ ၁၆ရွာသို့ ရန်ပုံငွေ များ လွဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်တို့က အဖွင့်အမှာ စကားပြောကြားခဲ့ သည်။
ဆက်လက်၍ ကျောက်မဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက " ၂၀၁၉−၂၀၂၀"ဘဏ္ဍာနှစ်မှာ သီပေါမြို့နယ်အနေဖြင့် နောင်လိုင်ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ မန်မိုင်ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ ပန်လောင်း (ကုန်းဟတ်)ကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းနှင့် ရေလှောင်ကန် တူးဖော်ခြင်း လုပ်ငန်း၊ ပုံဖမ်းကျေးရွာ တွင် စိမ့်စမ်းရေတင်ခြင်းလုပ်ငန်း၊ နားဟဲကျေးရွာတွင် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း၊ နောင်ဝမ်း ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ ကုန်းယုံးကျေးရွာတွင် ဆရာမ ဝန်ထမ်း အိမ်ယာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ ခိုင်းဆင်ကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းနှင့် ရေလှောင် ကန်တူးဖော်ခြင်း လုပ်ငန်း၊ ပန်ဟုံး(မန်ကုန်း)ကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း နှင့် ရေလှောင် ကန်တူးဖော်ခြင်း လုပ်ငန်း၊ နောင်စန့်လုပ်ယုံး ကျေးရွာတွင် စက်ရေတွင်း တူးဖော်ခြင်းနှင့် ရေလှောင်ကန် တူးဖော်ခြင်း လုပ်ငန်း၊ နားလွမ်း ကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း၊ နားတော် ကျေးရွာတွင် (5kW) ရေအားလျှပ်စစ် မီးလင်းရေးလုပ်ငန်း၊ ဖတ်နံကျေးရွာတွင် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း၊ ဆိုင်းခေါင်ကျေးရွာတွင် ကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်း၊ ကုန်းရမ်း ကျေးရွာတွင် ကျေးရွာဘက် စုံသုံးခန်းမ ဆောက်လုပ် ခြင်းလုပ်ငန်း၊ ကျစ်ဖွန်ကျေးရွာတွင် ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်လို့ ကျေးရွာတစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေကျပ် သိန်း၁၀၀စီဖြင့် ကျေးရွာ(၁၆)ရွာအတွက် ရန်ပုံငွေကျပ် သိန်း ၁၆၀၀ ကို ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကြီးကြပ်မှုကော်မတီများ ထံသို့ လွှဲပြောင်း ပေးအပ်သွား မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းထွဋ်၊ ကျောက်မဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်း တို့က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ ကျပ်သိန်း ၁၀၀စီဖြင့် ကျေးရွာ ၁၆ရွာ အတွက် ရန်ပုံငွေ ကိုပေးအပ်ကြရာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ကြီးကြပ်မှု ကော်မတီဝင်များက လက်ခံရ ယူခဲ့ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)