မိုးကောင်း ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ တက်ရောက်သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အားလုံး မဲပေးခွင့်ရရှိရေး၊ ပြည့်စုံမှန်ကန်သော မဲစာရင်းဖြစ်အောင် မဲစာရင်း လာရောက်ကြည့်ရှုမှုမရှိသည့် အိမ်ထောင်စု များအား အိမ်တိုင်ရာရောက် တိုက်ဆိုင်စိစစ်ပေးနိုင်ရေး ပြောကြားသည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဌေးက မဲစာရင်းကြေညာစဉ်က ပုံစံများဖြင့် တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်မှုများ၊ ရပ်/ကျေးများမှ စိစစ်ဆောင်ရွက်ထားရှိမှုများအားဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖြည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မဲစာရင်း ပြည့်စုံမှန်ကန် ရေးသည် အရေးကြီးသဖြင့် စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ပေးကြရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများမှ ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး တင်ပြမှုအပေါ် တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)