COVID-19 Economic Relief Plan(CERP) အရ လင်းခေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုးစပါးထုတ်လုပ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

လင်းခေး     သြဂုတ်  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ်အရ မျိုးစပါးထုတ်လုပ်ရေး လုပ်ငန်းတောင်သူ များထံသို့ ထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှငြိမ်းခိုင်က အဆိုပါလုပ်ငန်းနှင့် ပတ်သက် သည် များ အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးတို့က တောင်သူ ၄ ဦးထံ မျိုးစပါးစိုက်ပျိုးရေး ထောက်ပံ့ငွေများ ကို တစ်ဦးချင်းအလိုက် အသီးသီး ပေးအပ်ခဲ့ကြ ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က နိဂုံးချုပ်အမှာစကား ပြောကြားကာအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ အစီအစဉ်အရ ယနေ့ပေးအပ်ခဲ့သည့် စိုက်ပျိုးအစီအစဉ်အတွက် တောင်သူတစ်ဦးလျှင် မျိုးစေ့ဝယ်ယူခြင်း ထောက်ပံ့ ငွေကျပ် (၈၅ဝဝိ/-)နှင့် စိုက်ပျိုးခြင်းစရိတ်အတွက် ငွေကျပ် (၇၅ဝဝဝိ/-) ခုနှစ်သောင်း ငါးထောင်ကျပ် တိတိတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ CERP အစီအစဉ် အရ မျိုးစပါးစေ့ထုတ်လုပ်သွားမည့် လင်းခေးမြို့မှတောင် သူလေးဦးမှာ ဦးလုံးစိတ္တ၊ ဦးထွန်းလှ(လုံးစိတ္တ)၊ ဦးစိုင်းညာ (စိုင်းလောင်ခမ်း) နှင့် ဦးပီခမ်း (ရွှေဝင်း) တို့ဖြစ်သည်။ စိုက်ပျိုးသွားမည့် စိုက်ဧကမှာ ၅ ဧက ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေး လုပ်ကိုင် ကြသူတောင်သူများ စုစုပေါင်း (၄ဝ)ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)