မံစီ မတ် ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီးသင်တန်း (၁/၂၀၂၀) ကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်ထိ (၇) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီကကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်ကို ပေးအပ်ခဲ့သည်။ မြို့နယ် ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကွမ်ဆန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးဦးသိန်းထွန်းက မြို့နယ်၏ ဘောလုံးအားကစား အခြေအနေအရပ်ရပ်ကို တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် အားကစားမှူး ဦးစိုးဝင်းသန်းက သင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းခဲ့သည်။
မြို့နယ်အတွင်း ဘောလုံးဒိုင်လူကြီး အခက်အခဲနှင့် ဘောလုံးအားကစား စည်းမျဉ်းဥပဒေ အခက်အခဲများ ရှိနေသည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တင်ပြရာမှ သင်တန်းကို ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများသာမက သင်တန်းသားများမှ တဆင့် မြို့နယ်အတွင်းရှိ ပြည်သူများပါ ဘောလုံးအားကစား စည်းမျဉ်းဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာပြီး မြို့နယ်၏ ဘောလုံးအားကစား ဖွံ့ဖြိုးမှု ပိုမို အားကောင်းလာစေရန် ရည်ရွယ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကွမ်ဆန်းက ပြောကြားခဲ့သည်။
သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးသင်တန်းနည်းပြဆရာ ဦးခင်မောင်သန်း က တာဝန်ယူပို့ချ သင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)