ကျောက်မဲ ဩဂုတ် ၁၉ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ ဦးအောင်ဆာ နေအိမ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင် ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အား မြေဆီလွှာအကြောင်း၊ မြေဩဇာများ အကြောင်းနှင့် မြေဆီလွှာပြုပြင်နည်းများကို ရှမ်းဘာသာဖြင့် ပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့သို့အသိပညာပေးဆွေးနွေးရာတွင် တောင်သူအများစုသည် အစေ့ထုတ်ပြောင်း၊ လယ်စပါး၊ ယာစပါး စတဲ့သီးနှံများကို အဓိကထားစိုက်ပျိုးကြကြောင်း စိုက်ပျိုးသည့် သီးနှံအပေါ်မူတည်ပြီး မြေဩဇာကို ရွေးချယ်အသုံးပြုတတ်မှသာ တောင်သူများအတွက် စိုက်ပျိုးသလောက် အကျိုးဖြစ်ထွန်းမှာ ဖြစ်ကြောင်း ထို့ကြောင့် တောင်သူများ မြေဩဇာကို ထိရောက်စွာအသုံးပြုတတ်စေရန် နှင့် မြေဆီလွှာကို ပိုမိုကောင်းမွန် လာအောင် ပြုပြင်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးရခြင်း ဖြစ်ကြောင်း ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်ခင်မြင့်နွယ် ကပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ပန်လော့ကျေးရွာအုပ်စုမှ တောင်သူ ၂၅ ဦးတက်ရောက်ခဲ့ပြီး မြေဩဇာအသုံးပြုမှု ၊ မြေဆီလွှာပြုပြင်နည်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြေအသုံးချတာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တောင်သူများ၏ သီးနှံပင်အာဟာရဓါတ် ဖြည့်တင်းမှု အလေ့အထများအား စစ်တမ်းကောက်ယူခဲ့ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)