မူဆယ် မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီ က မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်များ ဖြစ်ကြသည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ် ၊ သိန်းသန်းချီကားကြီးကွင်း ၊ အခြေခံကျောင်းများတွင် တာဝန်ကျနေသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး လက်ဆေးဆပ်ပြာရည် စုစုပေါင်း(၁၀၀)ဗူးနှင့် နှာခေါင်းစည်းစုစုပေါင်း (၂၃၀၀) ခု ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကိန်မိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်မှုဆောင်ရွက်နေသည့်အခြေအနေများကိုလေ့လာကြည့်ရှုပြီး လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းပေးကာ အားပေး စကား ပြောကြားသည်။
ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ရာ၌ လိုအပ်သည့်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)