ကျီခါးမြို့၌ ဝဥစိုက်တောင်သူများထံ ဝဥမျိုး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကျီခါး မတ်  ၁၂ 

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဝဥစိုက်တောင်သူများထံ (ဝဥ)မျိုး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။

ရှေးဦးစွာ ကျီခါး မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် ယခုပေးအပ်သော ဝဥမျိုးသည် ချေးငွေဖြင့် ဆောင်ရွက်ခြင်းမဟုတ်ပါကြောင်း၊ ဝဥမျိုးဖြင့်သာ ပြန်လည်ဆပ်ပေးရန် ဖြစ်ပါကြောင်း နှင့် လိုအပ်သော စိုက်ပျိုးနည်း စနစ်များကို စိုက်ပျိုးရေး ဦးစီးဌာနသို့ အကူအညီ ရယူသွားကြရန် ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ကျီခါးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးထန်ခန့်ကပ်က ဝဥမျိုးအား တောင်သူများ ထံပေးအပ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း ၊ ဝဥစိုက်ပျိုးနည်း နှင့်ပြုစုပျိုးထောင်နည်း စနစ်အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျီခါးမြို့နှင့် အနီးအနားရှိ ကျေးရွာများမှ ဝဥစိုက်တောင်သူများထံသို့ ဝဥမျိုးပိဿာချိန် (၃၆၀၀)ပိဿာအား မြို့အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေး ဦးစီးမှူးတို့ကပေးအပ်ရာ တောင်သူများက လက်ခံရယူကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဝဥစိုက်ဝါသနာတောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဆလိုင်းလိန်းမာန် (ပြန်/ဆက်)