ကျောက်မဲမြို့တွင် မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်မဲ မတ် ၁၁

မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ကျောက်မဲမြို့ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး၊ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးက ထပ်ဆင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောက်မဲ ခရိုင် လူမှုဝန်ထမ်း ဦးစီးအရာရှိ ဒေါ်စိုးစိုးမော်က မသန်စွမ်းသူများ အကြောင်းပြောကြားရာတွင် “မသန်စွမ်းသူများဆိုသည်မှာ မသန်သော်လည်း စွမ်းကြသူများဖြစ်ကြောင်း၊ သူတို့သည်လည်း လူသားများပင်ဖြစ်ကြောင်း၊ သူတို့ကို လူ့ အသိုင်း အဝိုင်းမှ စွန့်ပယ်ထား၍မရကြောင်းနှင့် သင်တန်းကျောင်းများဖွင့်လှစ်ပြီး ထောက်ပံ့ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ယင်းနောက် ရွှေပုလဲအဖွဲ့မှ Project Assistant ဦးထက်ထက်ဟိန်းက မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များနှင့် မသန်စွမ်းသူများဘဝသို့ ရောက်ရှိသွားရသည့် အကြောင်းရင်း များကို ဆွေးနွေး ပြောကြားခဲ့ပြီး၊ မာရီစတုပ်စ်မြန်မာမှ ဒေါက်တာမွန်မွန်ရည်က လိင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် Save The Children မှ ဒေါက်တာကျော်မျိုးထက်က အဖွဲ့၏ ဆောင်ရွက် နေသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပရဟိတအဖွဲ့များနှင့် မသန်စွမ်းသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် Save The Children, ရွှေပုလဲနှင့် မာရီစတုပ်စ် မြန်မာ အဖွဲ့ ၃ ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မြင့်အောင်(ပြန်/ဆက်)