တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စမ်းသပ် စစ်ဆေးမှုဆောင်ရွက်

ချီဖွေ မတ် ၁၁

မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ် ၂ နာရီက ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စမ်းသပ်စစ်ဆေးခြင်းကို နယ်ဝေးက လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်ရာ အမက(ဥက္ကပ်)၊ အမက(ဘာလဲ့)၊ စစ်ရှောင်စခန်း(၂)နှင့် အထက(ချီဖွေ) ကျောင်းများရှိ ကျောင်းသား၊ ကျောင်း သူ(၁၂၀)ဦး တို့အား  သွေး‌ပေါင်ချိန်ပေးခြင်း၊ အဖျားတိုင်းခြင်းနှင့် လိုအပ်သည့် စမ်းသပ်မှုများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ယခုလိုကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးရခြင်းသည် ကျောင်းသား၊ ကျောင်းသူများ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကာကွယ်ခြင်းနှင့် ကျန်းမာရေးကောင်းမွန်စွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန  ဒေါက်တာလင်းလင်းထွန်းထံမှ သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)