ကလော မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် လမိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို အထောက်အကူပြု ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆင်းရဲမှုလျှော့ချရေး၊ မိသားစု တစ်ပိုင် တစ်နိုင် စီးပွားရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက သင်တန်းသားများအား မိမိတို့သင်ယူ တက်မြောက်ထားရှိသည့် အတက်ပညာများ အကျိုးရှိစွာ အသုံးချ တက်စေရေးနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူက သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင် မိမိတို့တက်မြောက်ထားသော အတက် ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုစေရေးနှင့် ပတ်သတ်၍ လည်းကောင်း၊ မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်တို့က အသက်မွေးဝမ်းကြောင်း ပညာနှင့်ပတ်သတ်၍ အမှာစကား အသီးသီး ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သင်တန်းတွင် အကောင်းဆုံးပြုပြင်နိုင်သူများကို ဆိုင်ကယ် ပြုပြင်သည့် ပစ္စည်းကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဝေဟင်ကိုကိုက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစ၍ မတ်လ ၁၀ ရက်နေ့အထိ တစ်လအတွင်း စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပြီး ကလောမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု အနီးရှိ ကျေးရွာ ၅ ရွာမှ ကျေးရွာနေပြည်သူ သင်တန်းသား ၂၀ ဦး တို့ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း (ကလော)