အောက်တောကစကျေးရွာ၌ "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်

ရှမ်းရွာသစ် မတ် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (PublicTalk)ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ရှမ်းရွာသစ်မြို့၊ အောက်တောကစကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်မောင်၊ ကျန်းမာရေးဌာနမှ ဦးစောစိုးဝင်း၊ သစ်တောဦးစီးဌာနတို့မှ တောအုပ် ဦးစောအယ်ထူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးခွန်အောင်စိုးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် တစ်နိုင်တစ်ပိုင် စုပေါင်းစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောများ ပြုန်းတီးမှုအကြောင်း သိကောင်းစရာများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေးငယ်များ ကာကွယ်ဆေးပုံမှန်ထိုးမှုနှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး  သိကောင်းစရာများ၊ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာများနှင့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သိကောင်းစရာတို့ကို အသီးသီးဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသနေပြည်သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့မှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ပြန်လည်ဖြေကြားခဲ့ ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)