ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား နွေရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေး လျက်ရှိ

ဆီဆိုင် မတ် ၁၀

ကျောင်းသားလူငယ်များ အားလပ်ရက်ရှည်ဖြစ်သော နွေရာသီအချိန်အခါတွင် အချိန်ကို အလဟဿ မဖြစ်စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အားကစားစိတ်ဓါတ် ပိုမိုမြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တမျိုးသားလုံး ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းများကို အလေးပေးသင်ယူလေ့ကျင့်နိုင်စေရန်နှင့် နွေရာသီအားကစားသင်တန်းမှတစ်ဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ်လေ့ကျင့်ပေးခြင်းဖြင့် အရည်အသွေးမြှင့် အားကစားသမားများ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီ အားကစားသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး(ကျား/မ)၊ မြန်မာ့သိုင်း (ကျား/မ)၊ တိုက်ကွန်ဒို(ကျား/မ)၊ အေရိုးဗစ်(မ)၊ ကြက်တောင်(ကျား/မ)နှင့် ရိုးရာခြင်းလုံး(ကျား/မ) စသည့်အားကစားနည်း(၆)မျိုးကို ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးကျော် တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြ ၁၁ ဦးတို့က နံနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ် တစ်နေ့လျှင် (၂)ကြိမ်ဖြင့် သင်တန်းကာလမှာ မတ် ၇ ရက်မှ ၂၃ ရက်နေ့ထိ ၁၇ ရက်ကြာမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)