ကျောက်တလုံးကြီး မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် အခြေခံပညာ အထက်တန်းကျောင်း(ကျောက်တလုံး)သို့ မီးဘေး လုံခြုံရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စသည်တို့ကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် ယမန်နေ့ညနေ (၄)နာရီက တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီး မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ကျောက်တလုံး စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ကျောက်တလုံး)ရှိ စာဖြေဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပထမနိမ္မိတသပိတ်မြတ်စေတီ အောင်ဇဗ္ဗူလောင်းဓမ္မာရုံတွင် တည်းခိုနေထိုင်ကြသည့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဟမ်းဆီးမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကျောက်တလုံးစာစစ်ဌာနတွင် အခြေခံပညာအထက်တန်းကျောင်း(ကျောက်တလုံး)၊ အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဆောင်းဖိုးနှင့် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ဟမ်းဆီးတို့မှ ကျောင်းသား/သူများတို့ကဝင်ရောက် ဖြေဆိုကြမည်ဖြစ်ပြီး၊ စာဖြေခန်း(၁၂)ခန်း၊ အတွဲ(၁)တွင် ကျောင်းတွင်း/ပြင်ပဖြေဆိုမည့်သူ ၂၄၇ ဦး၊ အတွဲ(၂)တွင် ကျောင်းတွင်းဖြေ ၃၁ ဦးနှင့် အတွဲ(၇)တွင် ကျောင်းတွင်း/ပြင်ပဖြေဆိုမည့်သူ ၅၅ ဦး စုစုပေါင်း ဖြေဆိုမည့်သူဦးရေ (၃၃၃)ဦးရှိကြောင်း သိရသည်။
ခွန်အာကာ(ကျောက်တလုံး)