မိုးညှင်း မတ် ၁၀
ကချင်ပြည်နယ်အတွင်း စပါးအပါအဝင် အခြားစိုက်ပျိုးရေး သီးနှံစိုက်ဧကအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ (KOPIA Project) တို့ ပူးပေါင်းဆောင်ရွက်သော ဆောင်းသီးနှံ (ပဲပုပ်)ကွင်းသရုပ်ပြပွဲကိုယမန်နေ့ နံနက်(၈) နာရီခွဲတွင် အကျိုးဆောင်တောင်သူ ဦးဖိုးလုံး စိုက်ပျိုးထားသည့် ကွင်းအမှတ်(၃၁၂) ရေဆင်း(၆) ပဲပုပ်စံပြစိုက်ခင်း၌ကျင်းပသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေနှင့် ပဲပုပ်ပညာရှင် ဒေါက်တာမာမာဝင်းတို့က အခမ်းအနား တက်ရောက် လာကြသည့် ပဲပုပ်စိုက်တောင်သူများအား ပဲပုပ်စိုက်ပျိုးနည်းစနစ်များ၊ ပိုးသတ်ဆေး အသုံးပြုရာတွင် လိုက်နာရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ မေးမြန်းဆွေးနွေးသည့် “ပဲပုပ်စိုက်ပျိုးရာ တွင်တွေ့ကြုံရသည့်အခက်အခဲများ”ကို ပဲပုပ်ပညာရှင် ဒေါက်တာမာမာဝင်းက ရှင်းလင်းဖြေကြားသည်။
မိုးညှင်းမြို့နယ်အတွင်း ပဲပုပ်စိုက်ပျိုးသည့် တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာခဲ့ရာ ယခုနှစ်အတွင်း ဆောင်းသီးနှံ ပဲပုပ်စိုက်ဧက(၂၀၀၀၀)ကျော်ရှိပြီး အများဆုံး စိုက်ပျိုးသည့် ပဲပုပ်အမျိုးအစားမှာ ရေဆင်း(၁၁)နှင့် ရေဆင်း(၆) ပဲပုပ်မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းက ပြောကြားသည်။
ကျော်ကျော်ထွေး(မိုးညှင်း)