ကလောမြို့၌ နွေရာသီအားကစားနည်း(၅)မျိုး သင်တန်းဖွင့်ပွဲ

ကလော မတ် ၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်အကောင်အထည်ဖော် ဆောင်ရာတွင် "တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းမြှင့်မားစေရန်နှင့် အနာဂတ်လူငယ်များ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူငယ်များဖြစ်လာစေရန်" ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားနည်း (၅)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ကလောမြို့ မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား ဆပ်ကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာသင်တန်းဖွင့်ပွဲတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က အားကစားနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နွေရာသီအားကစားသင်တန်းနည်းပြ ဆရာများက အားကစားနည်းအလိုက် မိတ်ဆက်၍ ဘောလုံး၊ ဘော်လီဘော၊ Aerobic Zumba Exercise၊ တိုင်ကွမ်တို၊ မြန်မာသိုင်းစသည့် ကစားနည်းများအား သရုပ်ပြတင်ဆက်ခဲ့သည်။ ထို့နောက် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မင်း တို့က မြို့နယ်အားကစားမှူးထံ ဘောလုံးနှင့်နွေရာသီအားကစားအင်္ကျီများ ထောက်ပံ့ပေး အပ်ခဲ့ပြီး သင်တန်းကာလကို မတ်လ ၉ ရက်မှ မတ်လ ၂၅ ရက်နေ့အထိ ၁၇ ရက်ကြာသင်ကြားပေးမည်ဖြစ် ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်နော်ဆာဝါးကြည်နှင့် အဖွဲ့ဝင်များက Corona Virus အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး အားကစားသမားများအား လက်တွေ့စမ်းသပ်ရှာဖွေစစ်ဆေး ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

ကျော်ဝင်း (ပြန်/ဆက်)